ညီမလေးရေ
ကောင်းကင်အဖြူ ထည် စာမျက်နှာပေါ်
ငါဟာ
နိဒါန်းအဖြစ် ကွေ့ကောက်စွာ ရေးခြစ်ခံရသူပါ။
ညီမလေးရေ
ဒါ ငါကိုယ်တိုင် ပိုးမွေးခဲ့ ညနေခင်းပဲပေါ့
ဖော်ဝေးငှက်တစ်ကောင်လို
အဝေးလွမ်း လွမ်းမောမှု ပှုပြင်းခေါင်ခိုက်ခေါ်သံထဲ
ကနာရ နွေတွန်ရာ ငါ့ရာသီတွေ သွန်းချခဲ့။
ညီမလေးရေ
အနွေးထွေးဆုံး အိပ်ဟန်ဆောင်ခြင်းနဲ့
တစ်သက်တာ ငါ့အတွေးအခေါ် မင်နီစွန်းခဲ့ပေါင်း များပြီ။
ညီမလေးရေ
ဟိုအဝေးဆုံးအရပ်က ၀ါးလုံးကွဲတောထ ဂီတသံ
ယုံယုံကြည်ကြည် နားဆင်ဖို့
ရောင်နီမစိုးသေးဘူးလားကွယ်။
ညီမလေးရေ
ဒီလက်ချောင်းတွေ တွားသွားရာအရပ် ဘာလဲကွယ့်
မှားယွင်းနေတဲ့ နေရာ
နောက်ထပ် ငါ့လက်ချောင်းတွေ သေဆုံးရတော့မလား
ငါကိုယ်တိုင် ရှင်သန်ပစ်ချင်ရဲ့။
ညီမလေးရေ
ချစ်ဦးသူဆီ နေ၀င်ခြင်းမှာ အိပ်မက်သစ်တို့ သယ်ဆောင်ခွင့်ပေးပါ
အဲဒီအိပ်မက်ထဲမှာ
အနာဂတ်အားမာန် ပါတယ်
နိုးကြားမှုအဟုန် ပါတယ်
နံနက်ခင်းတစ်ခုရဲ့ ဖူးပွင့်စ အရုဏ်အလင်းတန်းတွေ ပါတယ်
သကရာဇ်တွေ ထမ်းပိုးမယ့် လက်ရုံးနှစ်ခု ပါတယ်။
ညီမလေးရေ
အခုတော့ငါဟာ
အလှမွေး ဖန်လှောင်အိမ်ထဲက ရွှေငါးတစ်ကောင်လို
ကိုယ်ပိုင်အလှ ကိုယ်တိုင် ခံစားခွင့်မရခဲ့သူပါ
ဒီလိုနဲ့
ငါ့ညနေခင်းဟာ မနက်ဖြန်ပေါင်းများစွာ မော်ဖူးခဲ့ရပေါ့။ ။
လူဇော်သစ်(သောင်းပြောင်း၊ ၂၀၀၁ဇန်န၀ါရီလ)
Thanks alot
ReplyDelete