Tuesday, March 15, 2016

ဒီမိုကရေစီ သူရဲကောင်းများသို့...

အရိုးတွေ ဆက်

အသက်တွေ ထပ်လို့

ဘဝတွေ ပေးဆပ်ခဲ့ကြသူတွေအတွက်

ပြည်သူတွေရဲ့ တွဲလက်တွေနဲ့


ထုဆစ်ခဲ့ကြတဲ့ အနာဂတ်က


ကျေနပ်စရာမို့


အသေမြတ်ကြသူများအဖြစ်


ငြိမ်းချမ်းစွာ အိပ်စက်ကြပါတော့လို့


ခွန်းဆက်လိုက်ပါရဲ့။


အရိုးကြေကြေ

အရေခမ်းခမ်း

သေလမ်းထက်က သူရဲကောင်းတွေရဲ့

သမိုင်းတွင်မယ့် ဒေါင်းတွန်သံတွေက

အာဏာရှင်နံရံထက်မှာ ပဲ့တင်ထပ်စေရင်း

ဒေါင်းမျိုးဆက်တွေလည်း မွေးဖွားစေခဲ့ပြီ။

ဒီမိုကရေစီအောင်မြေနင်းဖို့

ရင်းခဲ့ရတဲ့ အသွေးအသားတွေအတွက်

တလေးတစား ဦးညွတ်လိုက်ရင်း

ဝမ်းမြောက်ခြင်း မျက်ရည်စတွေနဲ့အတူ

အမျှဝေလိုက်ပါရဲ့

ကျဆုံးလေပြီးသော

အို.. သူရဲကောင်းအပေါင်းတို့။

စနစ်ဟောင်းရဲ့

တဖက်စောင်းနင်း လှိုင်းလုံးကြီးတွေကြား

ဘဝခါးခဲ့ကြတဲ့ ပြည်သူအတွက်

မျှော်လင့်ချက်တွေနဲ့ ကုစားစေဖို့

ဒေါင်းမိခင်ဆိုတဲ့

သူမရဲ့ လက်ခုပ်သံ

ရင်ဘတ်တွေကို မှန်ခဲ့ပုံက

မျက်ရည်တွေတောင် လျှံကျစေခဲ့ပေါ့။

ဒီနေ့ဒီရက်ရဲ့

ဘဝဂ်ညံနေတဲ့ ဒေါင်းတွန်သံတွေကို

စူးစိုက်စွာ နားဆင်ရင်တော့

အသင်တို့ကြားချင်တဲ့ ကြွေးကြော်သံတွေလည်း

ကြားနိုင်ကောင်းပါရဲ့။

အများပြည်သူရဲ့

ဒီမိုကရေစီ အမျှဝေသံကို

ရောက်ရာဘဝမှ

သာဓုခေါ်ရင်း ပြုံးပျော်နိုင်ပါစေလို့...။

YaeTayZa@တောကဘကြီး

No comments:

Post a Comment